Tuesday, November 8, 2011

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့၏ ပီတိကိုစား အားရှိပါ၏…အပိုင်း(၅-ဇာတ်သိမ်းပိုင်း) (ဖြစ်ရပ်မှန်ကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

(ဇာတ်သိမ်းပိုင်း)
 “ဒကာကြီး ဘုရားစေတီ တည်ချင်ရင် စေတီတွေ ပေါများလှပြီ ဖြစ်တဲ့ စစ်ကိုင်းတောင်မှာ မတည်ပါနဲ့တော့လား။ စေတီ မရှိသေးတဲ့ ဝေးလံတဲ့ နေရာတွေမှာ လူတွေ ကြည်ညိုသဒ္ဓါ ပွားများနိုင်အောင် သွားတည်ပါလား ဒကာကြီး။ ဒါမှ မဟုတ်ရင်လည်း အခု စေတီတည်ဖို့ ကုန်ကျတဲ့စရိတ်တွေ အားလုံးကို ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို သွားပြီးတော့ လှူလိုက်ရင် ပိုကောင်းလိမ့်မယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေကို လှူတာဟာ တကယ်ကို အကျိုးကြီးလှပါတယ် ဒကာကြီး။ အဲဒါဟာ လူသားတွေရဲ့ နှလုံးသားထဲ ဘုရားတည်ပေးလိုက်တာပါပဲ”
အဲဒီ ဒကာကြီး ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ကျွန်ုပ်ကတော့ ပြောလိုက်တာပဲ။ သာသနာ့ ခေါင်းဆောင် လုပ်နေတဲ့ ရဟန်းသံဃာ ပုဂ္ဂိလ်တွေဟာ သာသနာ အကျိုးအတွက် ဆိုရင် အမုန်းခံပြီး ပြောသင့် ရင်လည်း ပြောရမှာပဲလို့ ကျွန်ုပ်ကတော့ ခံယူထားတယ်။ မြန်မာနိုင်ငံမှာ မလိုအပ်တဲ့နေရာတွေမှာ စေတီတွေကများလာပြီး ဗုဒ္ဓဘာသာ ကလေးတွေက ဘာသာခြားတွေရဲ့ နောက်ကို ပါသွားလို့ လျော့လျော့ ကုန်တာကို ပြန်ပြီးတော့ ကယ်တင်ရမယ် ဆိုတာက ကျွန်ုပ်ရဲ့ တာဝန်တစ်ရပ်ပေပဲ ဗျ။
ကျွန်ုပ်ဆီကို ရောက်လာကြတဲ့ ဒကာတွေဟာ နှလုံးသားမှာ ဘုရားတည်ပေးကြမယ့် ကျေးဇူးရှင်တွေ လို့ ပြောရင် ကျွန်ုပ် လွန်မယ် မထင်ပါဘူး။ ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို အမှန်တကယ် လိုအပ်တဲ့နေရာတွေမှာ ပေးလှူရင်း၊ ပေးဆပ်ရင်း၊ ပျော်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်လည်း မမှားပေဘူး။
အခုဆိုရင် ကျွန်ုပ် ဂုဏ်ယူပြီး ပြောနေတဲ့ ပညာ့ဘုံဗိမာန် (တဲကုပ်) လေးဟာ ကျွန်ုပ်မက်ခဲ့တဲ့ အိပ်မက် ထဲက ပညာ့ဘုံဗိမာန် (တိုက်ကျောင်းကြီး) တကယ်ကို ဖြစ်သွားခဲ့ရပါပြီ။ တိုက်ကျောင်း စာသင်ခန်းထဲမှာ စာသင်နေကြတဲ့ ကလေးတွေကို ကျွန်ုပ်ကြည့်ရင်း ရင်ထဲမှာ ၀မ်းသာကြည်နူးမိနေပါတယ်။ ပီတိတွေလည်း တဖွားဖွား ဖြစ်နေမိပါတယ်။ လိုအပ်နေတဲ့ နေရာတွေကို အမှန်တကယ် လှူတတ်တဲ့ ငွေကြေးချမ်းသာ လူပုဂ္ဂိုလ်တွေကြောင့် မိဘမဲ့ ကလေးတွေ အပါအ၀င် ကလေးတွေ အားလုံးအတွက် လုံခြုံစိတ်ချရတဲ့ ကွန်းခိုရာ၊ မှီခိုရာ၊ အားကိုးရာ၊ ပညာတွေ မျှဝေပေးရာ နေရာလေး ရရှိသွားခဲ့ရပြီ။
မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဆုံးမ သြ၀ါဒလေး တစ်ခုကို ကြားယောင်နေမိ တယ်။
စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ မုချ အောင်ပွဲစံ တဲ့။
ပရဟိတ လုပ်တဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်းပဲ အတွင်းအားရော အပြင်အားပါ ဖြည့်တင်းထားဖို့တော့ လိုအပ်လိမ့်မယ်။ အတွင်းအားကတော့ သီလ၊ သမာဓိ၊ ပညာ။ အပြင်အားကတော့ ကျွန်ုပ်တို့ လေ့လာဆည်းပူးနေ တဲ့ ဘွဲ့တွေ၊ ဒီဂရီတွေပဲပေါ့။ ရရှိထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေဟာ မာနတက်ပြဖို့ မဟုတ်ဘူး။ အသုံးချဖို့သာ ဖြစ်တယ်။
အတွင်းအားနဲ့ အပြင်အား အတူတကွပေါင်းစည်း ကြိုးစားသွားမယ် ဆိုရင် ကျွန်ုပ်တို့ရဲ့ ပရဟိတ လုပ်ငန်းတွေဟာ အောင်မြင်မှာ မလွဲမသွေပဲ လို့ ပြောနိုင်ပါတယ်။ အတွင်းအားနဲ့ အပြင်အား တစ်ခုခု သော်လည်းကောင်း၊ နှစ်ခုလုံး သော်လည်းကောင်း ချို့ယွင်းနေမယ် ဆိုရင်တော့ အောင်မြင်မှုမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။
အခုဆိုရင် ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာ့ဘုံဗိမာန် တိုက်ကျောင်းကြီးကတော့ နှစ်စဉ် ကျောင်းသားပေါင်း ရာချီပြီးတော့ မွေးထုတ်ပေးနိုင်နေပြီ။ လောကီ အတတ်ပညာတွေကိုသာမက လောကုတ္တရာ အသိပညာတွေပါ သင်ကြားပေးနိုင်ပြီ။ လောကီ အတတ်ပညာတွေကတော့ ဒီဘ၀ တစ်ဘ၀စာ ပေါ့။ လောကုတ္တရာ အသိပညာကျတော့ သံသရာ တစ်လျှောက်လုံး အတွက်ပေါ့။ နိဗ္ဗာန် မရောက် မချင်းထိပါပဲ လေ။
ကျွန်ုပ်ရဲ့ ကျောင်းမှာ ကျောင်းဖွင့်ရက် တစ်ပတ်ကုန်ဆုံးတဲ့ သောကြာနေ့ ညနေတိုင်း မြတ်စွာဘုရား ဟောကြားထားတဲ့ (၃၈)ဖြာ မင်္ဂလာ တရားတော်ကို တစ်ခုချင်းစီ ဟောပြော သင်ကြားပေးနေတယ်။ ပညာသင်နှစ် တစ်နှစ် ပြည့်တာနဲ့ မင်္ဂလာ (၃၈)ခု စလုံး ကုန်သွားတော့တာပဲ။ ကျွန်ုပ်ဟာ ကလေးတွေရဲ့ နှလုံးသားမှာ ဗုဒ္ဓသာသနာ စေတီ တည်ပေးနေတာပါလား လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားနေမိတယ်။
ဝမ်းသာ ကြည်နူးလိုက်သည့် ဖြစ်ခြင်း။
ရက်ကို လစား။ လကို နှစ်စား။ အင်း….. ခုနှစ် သက္ကရာဇ်တွေတောင် တော်တော် ကုန်လွန်ခဲ့ကြပြီပဲ။ ကျွန်ုပ်ရဲ့ ရှုံ့တွနေတဲ့ ဦးခေါင်း အရေပြားက ကျိုးတိုးကျဲတဲ ထိုးထောင်နေတဲ့ ဆံကေသာတွေတောင် အဖြူရောင် ဖွေးနေကြပါပြီကော။ ဟိုတုန်းက ကလေးတွေရဲ့ စာသင်ခန်းလေး ဖြစ်လာအောင် ပင်လယ်ဓနိဖက်တွေ ကို ၀ါးနှီးတွေနဲ့ ချည်နှောင်ပေးခဲ့ရတဲ့ ကျွန်ုပ်ရဲ့ လက်ဖ၀ါး မို့မို့တွေတောင် ကြုံလှီနေပြီး ကတုန်ကရင် ဖြစ်နေလေပြီ။ ဇရာရဲ့ နှိပ်စက်မှုဒဏ်ကို ကြံ့ကြံ့ မခံနိုင်တော့။
“ကလောင်….. ကလောင်….. ကလောင်….. ကလောင်…..”
ကျွန်ုပ် စဉ်းစားခန်း ၀င်နေလိုက်တာ ဘယ်လောက်ကြာသွားမှန်းကို မသိတော့ပါဘူး။ ညနေခင်း အိမ်ပြန် ကျောင်းဆင်းချိန် ခေါင်းလောင်းတောင် ထိုးနေပြီ။ ကလေးတွေဟာ ကမ္ဘာမကျေ သီချင်းကို တက်တက်ကြွကြွ သံပြိုင်သီဆိုနေကြတယ်။ ပြီးတော့ သားသမီးဝတ်တရားငါးပါး၊ တပည့်ဝတ်တရားငါးပါး အဲဒီလင်္ကာလေးတွေကို ညီညီညာညာ ရွတ်ဆိုနေကြတယ်။ မင်္ဂလာ ရှိလိုက်လေခြင်း။
ကလေးတွေရဲ့ အသံကို ကျွန်ုပ်ရဲ့ နားထဲမှာ ဟိုးတုန်းကလိုတော့ ကြည်လင်ပြတ်သားအောင် ကြားနိုင်စွမ်း မရှိတော့ပြီ။ ဒါပေမဲ့ ကလေးတွေရဲ့ အသံဟာ ကျွန်ုပ်ရဲ့ အာရုံထဲမှာ ရင်းနှီးကျွမ်းဝင် ဖြစ်နေပြီးသား ဆိုတော့ မကြားတစ်ချက် ကြားတစ်ချက် အသံလေးတွေကပင်လျှင် ရင်ထဲမှာ ပီတိကို ဘယ်လို ခံစားနေရမှန်း မပြောပြတတ်အောင်ပဲပေါ့။
ကလေးတွေဟာ စာသင်ဆောင် တိုက်ကျောင်း ပညာ့ဘုံဗိမာန် ခန်းမဆောင်ကနေ ပြေးထွက် လာကြပြီ။ ကျွန်ုပ်ရဲ့ ကျောင်းဝင်းထဲမှာ ပျော်ရွင်စွာ ပြေးလွှားနေကြတဲ့ ကလေးတွေဟာ အနာဂတ်မျိုးဆက်သစ်တွေ အတွက် ဖူးပွင့်လာမယ့် အဖိုးတန် ရတနာလေးတွေ ပါလား။ မျှော်လင့်ချက် အလင်း ရောင်စဉ်တန်းလေးတွေ သူတို့မှာ ထွန်းလင်းတောက်ပ နေကြပြီ။
သူတို့လေးတွေ ပြေးထွက်လာကြတာကို တစ်ချိန်တစ်ခါတုန်းက တစ်ဝကြီးကြည့်ပြီး ရင်ခုံကြည်နူးခဲ့ရတဲ့ ကျွန်ုပ်ရဲ့ မျက်ဝန်းအိမ်ထဲမှာ အခုတော့ ပုံရိပ်များအဖြစ် မှုန်ပြပြ မြင်နေသေးတယ်။
နောင် နှစ်ပေါင်းများစွာ ကြာတဲ့ အချိန်အထိ၊ ကျွန်ုပ်ရဲ့ အသက်ဝိညဉ် မရှိတော့တဲ့ အချိန်မှာလည်း အဲဒီ ပညာ့ဘုံဗိမာန်တိုက်ကျောင်းလေးဟာ ပညာတတ် သာသနာ့ အာဇာနည် သူရဲကောင်းလေးတွေ မွေးထုတ်ပေးနေဦးမှာပဲလေ။
သြော်… သူတို့လေးတွေကို ကြည့်ပြီးတော့ “ပီတိကိုစား အားရှိပါ၏” ဆိုတဲ့ စကား ၀ါကျလေးက ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့ အတွက် ပေပဲလား။ တကယ့်ကို မှန်ကန်တဲ့ စကားလေးပါပဲ။ ကျွန်ုပ်ရဲ့ ဘ၀တစ်ခုလုံးကို ပေးဆပ်ခြင်းမှာ ပျော်မွေ့ရင်းနဲ့ ဒီဘ၀ သာသနာတော်အတွက် တာဝန် ကျေပွန်ခဲ့လေပြီ။ ပီတိနဲ့ ကျွန်ုပ်အားရှိခဲ့ရတယ်။
ကျွန်ုပ်ကျေနပ်ပါတယ်။ ရယူခြင်းမှာ မပျော်ခဲ့ဘဲ ပေးဆပ်ခြင်းမှာ ပျော်မွေ့ခဲ့တဲ့ ကျွန်ုပ်ရဲ့ စိတ်ဓာတ်ကို ကျေးဇူးတင်တယ်။ လေးစားမိပါတယ်။ ဂုဏ်ယူမိတယ်။
စာသင်ခန်းမတွေ အထဲကနေ ပြေးထွက်လာတဲ့ ကလေးတွေ၊ ကျောင်းဆင်းလို့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတဲ့ ကလေးတွေရဲ့ ဖြည်းညင်းစွာ ယိမ်းနွဲ့ လှုပ်ရှားနေကြတဲ့ အမြင်အာရုံတွေဟာ မညီမညာ စည်းဝါးရိုက်ချက် သံစဉ် ဖြစ်နေပြီ ဖြစ်တဲ့ ကျွန်ုပ်ရဲ့ နှလုံးခုံသံတွေကို လှုပ်နှိုးနိုင်စွမ်း မရှိတော့လေပြီ…..
ဟိုး….. အဝေး တစ်ချိန်တုန်းက ဓနိဖက်မိုး၊ ဓနိဖက်ကာလေး တဲကုပ်လေးထဲမှာ ကလေးတွေကို ပညာသင်ပေးနေခဲ့တဲ့ ကျွန်ုပ်ရဲ့ ကိုယ်ဟန်အမူအယာ ရုပ်ပုံ၊ ကျွန်ုပ်ရဲ့ အသံ၊ ပြီးတော့ ကလေးတွေရဲ့ ကိုယ်ဟန်အမူအရာ ရုပ်ပုံ၊ ကလေးတွေရဲ့ အသံလေးတွေ အားလုံးဟာ ၀ိုးတ၀ါး မှုန်ရီဝေစွာနဲ့ပဲ…..
“ကကြီး”
“ကကြီး”
“ခခွေး”
“ခခွေး”
“ဂငယ်”
“ဂငယ်”
“……..”
“……..”

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ.....
အရှင်ဉာဏဒီပ (ဓမ္မရတနာ)
http://www.ashinnyanadipa.com
ဒေလီတက္ကသိုလ်၊ အိန္ဒိယ။

("ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ ပရဟိတအဖွဲ့" တွင် အလှူပါဝင်လိုသူများ ဘုန်းဘုန်းကို ဆက်သွယ်ကြပါရန်)
အဖွဲ့ကို စိတ်ပါဝင်စားသူများသည် ဘုန်းဘုန်းရဲ့ facebook စာမျက်နှာနှင့် အောက်ပါ ဗုဒ္ဓကမ္ဘာဆိုက် link များတွင်လည်း ၀င်ရောက်လေ့လာနိုင်ပါသည်။

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ ပရဟိတအဖွဲ့
http://buddhismworld.ning.com/group/Myanmar

အဖွဲ့၏ ဦးဆောင်နာယက ဆရာတော်
အရှင်ဉာဏဒီပ (ဓမ္မရတနာ)
nyanadipa@gmail.com
http://www.ashinnyanadipa.com
http://www.facebook.com/Ashin.Nyana.Dipa
Department of Buddhist Sutdies
ဒေလီတက္ကသိုလ်၊ အိန္ဒိယ။
Mobile – 0091-9958519113
Tel – 0091-11-27662320

No comments: