“ကကြီး”
“ကကြီး”
“ခခွေး”
“ခခွေး”
“ဂငယ်”
“ဂငယ်”
“……..”
“……..”
သူငယ်တန်း သင်ရိုးညွန်းတမ်း စာအုပ်ထဲက မြန်မာသင်ပုန်းကြီး ဖတ်စာသင်ခန်းစာလေးကို ကျွန်ုပ်က ပထမ တစ်ခေါက် အရင်ဆိုပြ။ နောက်မှ ကလေးတွေကို လိုက်ဆိုခိုင်းရင်း စိတ်ပါလက်ပါ စာသင်ကြားနေစဉ်မှာ
“ဘုန်းဘုန်း၊ သမီးရဲ့နံဘေးက သူငယ်ချင်းလေ…ဘာဖြစ်လဲ မသိဘူး။ ငိုနေတယ်”
“ဟေ ဟုတ်လား၊ ဘယ်သူလဲ?”
“ချောစု ပါ ဘုန်းဘုန်း”
ကျွန်ုပ်လည်း ကမန်းကတန်း သွားကြည့်လိုက်တော့
“၀ါး…..၀ါး…..”
သမီးငယ် ချောစုက ကျွန်ုပ် သူ့အနီး ရောက်လာကာမှ ပိုပြီးတော့ ငိုချလိုက်ပါလေရော။ ဘယ်အချိန် ကတည်းက ၀မ်းနည်းနေပြီး မျိုသိပ်ထားလဲတော့ မသိ။ ကျိတ်ပြီးတော့ ငိုနေခဲ့တာ။
“သမီးချောစု၊ ဘာကြောင့်မို့ ၀မ်းနည်းပြီး ငိုနေရတာလဲ? ဘုန်းဘုန်းကို ပြောပြပါဦး”
“အင့်…..အင့်…..ဒီနေ့မနက်က သမီးရဲ့ သူငယ်ချင်းတွေဆီကို သူတို့ရဲ့ ဖေဖေနဲ့ မေမေ လာကြတယ်။ သမီးမှာကတော့…..”
သမီးငယ် ချောစုက ပြောရင်းနဲ့ ဆက်ပြီးတော့ ငိုပါလေရော။
အင်း ချောစု ငိုမယ်ဆိုရင်လည်း ငိုချင်စရာပါပဲ။ အဲဒီကလေးကို ဝေးလံတဲ့ ထိုင်း-မြန်မာ နယ်စပ်နား ကျေးရွာတစ်ရွာက ပြီးခဲ့တဲ့ နှစ်ကပဲ ကျွန်ုပ်က ခေါ်ဆောင်လာခဲ့တာကိုး။ အဖေ အမေကလည်းမရှိ။ အဘွားအိုကြီးနဲ့အတူ နေ နေရတာလေ။ အဲဒီရွာလေးကို ကျွန်ုပ် ရောက်သွားစဉ်မှာ ချောစုရဲ့ အဘွားအိုကလည်း ဆုံးပါးသွားခဲ့ပြီ။ အားကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးကို ကျွန်ုပ်က ရွာလူကြီးတွေဆီမှာ ခွင့်ပန်ပြီး မြို့အစွန်နားက ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ခေါ်ဆောင်လာခဲ့ရတာ။
ဘုန်းကြီးကျောင်းနားက သီလရှင်ကျောင်းလေး တစ်ကျောင်းမှာ အပ်ထားပြီး အစစ အရာရာ ကျွန်ုပ်က တာဝန်ယူထားတာလေ။ မျှော်လင့်ချက်မဲ့နေတဲ့ ချောစု အပါအ၀င်ဆိုရင် မိဘမဲ့ ကလေးအားလုံးပေါင်း လေးဆယ်ကျော်ကို ကျွန်ုပ်က တာဝန် ယူထားတယ်။ လမ်းပျောက်နေတဲ့ ကလေးတွေရဲ့ ဘ၀အတွက် ရှေ့ဆက် လျှောက်လှမ်းရမယ့် လမ်းတွေကို ရှာပေးရဦးမယ်လေ။
ယောက်ျားလေးတွေကိုတော့ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းမှာ။ မိန်ကလေးတွေ ဆိုရင် အနီးနားက သီလရှင်ကျောင်းပေါ့။ မိဘ မစုံလင်တော့တဲ့ ကလေးတွေ ပါသလို၊ အမိဖြစ်ဖြစ် အဖဖြစ်ဖြစ် တစ်ဦးဦး ဆုံးပါးသွား တဲ့ ကလေးတွေလည်း ပါကြတယ်လေ။ ချောစုက သူငယ်တန်း တက်နေတယ်ဆိုပေမဲ့ အသက်က ကိုးနှစ်ရှိနေပြီ။ အရင်က သူနေခဲ့တဲ့ ရွာမှာ စာမသင်ခဲ့ရဘူး။ အခုမှ စာကို စသင်ရတာ။ အသိစိတ်ကလေး က အတော်အတန် ရှိနေပြီလေ။
“ကဲ တိတ်တော့နော် သမီး၊ မငိုနဲ့တော့၊ ဘုန်းဘုန်း သီချင်းဆိုပြမယ်နော်။ ကျောင်းဆင်းတဲ့ အခါကျရင် သမီးကို ဘုန်းဘုန်း မုန့်တွေအများကြီး ပေးလိုက်ဦးမယ်နော်၊ တိတ် တိတ်”
အင်း….. ကျွန်ုပ်ကလည်း ကလေးတော့ မချော့တတ်ဘူးပေါ့။ ဒါပေမဲ့ အရေးကြုံလာရင် သုံးဖို့ ကလေးချော့နည်းလေးတော့ သိထားရမယ်လေ။ ကလေးတွေအတွက် သီချင်းဆိုပြတာကိုလည်း ကျွန်ုပ်က လေ့ကျင့်ထားရ သေးတယ်။ သီချင်းဆို လေ့ကျင့်ထားရသေးတယ် ဆိုလို့ တခြားသီချင်းတော့ မထင်လိုက်နဲ့ဦး။ ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တဲ့ လင်္ကာ၊ သံပေါက် သီချင်းလေးတွေပါ။
အင်္ဂလိပ် စကားပုံလေးတစ်ခု ကြားဖူးတယ်။
ဆရာဆိုတာ ကျောင်းသားတွေအတွက် စာသင်ရာမှာ ကောင်းစွာရှင်းပြနိုင်သူ တစ်ယောက်လည်း ဖြစ်ရမည် ဖြစ်သလို၊ မိမိရှင်းပြနေသော အကြောင်းအရာတွေ အတွက် ကောင်းစွာ သရုပ်ဆောင်ပြနိုင်သူ တစ်ယောက်လည်း ဖြစ်ရမယ်တဲ့။
Teacher means that not only a good-narrator but also a good-performer is.
အဲဒီ စကားပုံလိုပါပဲ။ ကျွန်ုပ်လည်း စာအသင်အပြကောင်းအောင် ကြိုးစားရတဲ့ အပြင် ကလေးတွေ မငြီးငွေ့အောင်လည်းပဲ ကိုယ်ဟန် အမူအယာနဲ့ပါ သင်ခန်းစာ သီချင်းလေးတွေ သီဆိုပြီး သရုပ်ဆောင်ပြရသေးတယ်။
ချောစုလည်း ငိုနေရာကနေ တိတ်သွားရအောင် ကလေးတွေအားလုံးလည်း ပျော်ရွှင်သွားရအောင် ကျွန်ုပ်က လက်ခုပ်တီးပြီး ခါးနဲ့ ဦးခေါင်းကို ဘယ်ညာ ယိမ်းကာ A, B, C, D သီချင်းလေးကို သီဆိုပြနေစဉ်
“ဒုတ်…..”
“ခွပ်”
“အား”
အသံတွေကြားတဲ့နေရာကို ကျွန်ုပ်လှည့်ကြည့်လိုက်တော့
“ဟေ့ ဟိုကလေးတွေ၊ ရပ်လိုက်စမ်း!”
အပိုင်း (၂) သို့ ဆက်ရန်…

No comments:
Post a Comment