အောက် အီးအီး…….အွတ် !!!
မနေ့က ယာယီ အမိုးအကာ ဆောက်ထားတဲ့ တဲနံရံ ဓနိဖက်စကာပေါက်လေးတွေ ကြားထဲမှ ကျိုးတိုးကျဲတဲ နေရောင်က ကျွန်ုပ် မျက်နှာပေါ်ကို ကျလာတယ်။ ကျွန်ုပ်ကို အိပ်ယာက ထခိုင်းနေပြီ။ ခေတ်မမီပေမဲ့ အချိန်မှန်ကို ပြနေသေးတဲ့ ကျွန်ုပ်ရဲ့ စားပွဲတင် နာရီအိုလေးတောင် မနေ့ကတည်းက ဘယ်နားရောက်သွား မှန်း မသိတော့။ ဘယ်အချိန်ရှိလို့ ရှိမှန်းကို မပြောတတ်တော့ဘူး။ ကိုကြက်ဖကြီးလည်း ဘယ်ချိန်ကတည်းက ကျွန်ုကို နှိုးနေသလဲ မသိ။ အော်နှိုးရလွန်းလို့ အာညောင်းနေပြီနဲ့ တူတယ်။
အိပ်ယာထဲမှာ လှဲနေရင်းက ကျွန်ုပ်ရဲ့ ဦးခေါင်းကို မော့ပြီး ဘယ်ညာ ကြည့်လိုက်မိတယ်။ ကလေးတွေကတော့ မနေ့က ပင်ပန်းလွန်းအားကြီးလို့ အိပ်နေလိုက်ကြတာ။ အတုံးအရုံးပါပဲ။ ဒီနေ့မနက် ကျွန်ုပ်ရဲ့ အရုဏ်ဆွမ်းလေးလည်း ဘယ်ဆီမှာများ ခရီးလွန် နေမှန်းကို မတွေးနိုင်တော့ဘူး။
ဟင်….. ကျွန်ုပ်နားထဲ ဆူညံသံတွေ ကြားနေရပါလား။ စကားပြောသံတွေပဲ။ လူသံတွေ။ ထူးဆန်းလှ ချည်လား။ စောစောစီးစီး ဘာများဖြစ်ကြတာပါလိမ့်။ ကျွန်ုပ်လည်း ကမန်းကတန်း အပြင်ကို ထွက်လာခဲ့တော့ တယ်။
လူတွေပါလား။ ကျွန်ုပ်ဆီကို လာတဲ့ ဧည့်သည်တွေလားပဲ။ မြင်ဖူးတဲ့ လူတွေရော မမြင်ဖူးသေးတဲ့ လူတွေရော။
“ဆရာတော် နေကောင်းပါရဲ့လား ဘုရား”
နှုတ်ဆက်ရင်း ကျွန်ုပ်ဆီကို လာနေကြပါလား။ သေချာပါပြီ။ ကျွန်ုပ်ဆီကို လာတဲ့ ဧည့်သည်တွေပါပဲ။
“နေကောင်းပါတယ် ဒကာကြီးတို့”
“တပည့်တော်တို့က ဆရာတော်ရဲ့ ကျောင်းလေး မနေ့က မိုးရွာတုန်း လေတိုက်ပြီး ပြိုလဲသွားတယ် သတင်းရလို့ လာကြည့်တာပါ ဘုရား”
“ဟုတ်တယ် ဒကာကြီးတို့ရေ၊ ပျက်စီးသွားတာကတော့ ဒကာကြီးတို့ အခု မျက်မြင်ပဲ”
ကျွန်ုပ်လည်း မြေကြီးနဲ့ ပြားပြားဝပ် မိတ်ဆက်နေတဲ့ ပညာ့ဘုံဗိမာန် ကျောင်းလေးကို လက်ညှိး ထိုးပြရင်း မနေ့က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အားလုံးကို မှတ်မိသမျှ အားကိုးတကြီး ပြောပြလိုက်တယ်။ ကျွန်ုပ်ကလည်း ဒုက္ခရောက်နေတော့ အားကိုးရာ ရှာနေမိတာကတော့ အမှန်ပဲလေ။
“တပည့်တော်တို့က ဆရာတော်ရဲ့ စာသင်ကျောင်းလေးအတွက် လိုအပ်တဲ့ အကူအညီတွေကို စီစဉ်ဆောင်ရွက်ပေးဖို့ လာတာပါ ဘုရား၊ အဓိက ကတော့ ပြိုကျသွားတဲ့ စာသင်ဆောင်ကို အသစ် တည်ဆောက် ပေးမလို့ပါ ဘုရား”
ကြားလိုက်ရတဲ့ စကားက ဟုတ်မှ ဟုတ်ပါလေစ။ ကျွန်ုပ်နားကိုတောင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိတယ်။ အိပ်မက် မက်နေတာတော့ မဟုတ်တန်ပါဘူး။ အိပ်မက် ဟုတ် မဟုတ် ဆိုတာ ကိုယ့်ပေါင်ကို လက်သည်းနဲ့ ထိုးဆိတ်စရာတောင် မလိုပါဘူး။ သေချာပါတယ်။ ဘ၀မှာ ကံ ဘယ်လောက်ပဲ ဆိုးဆိုး တစ်ကြိမ် တစ်ခါမှာတော့ ကံကောင်းတတ်တယ် ဆိုတာ ဒါပဲလား မသိ။ သိန်းထီ ထောင်ပေါင်းများစွာဆုကြီး ပေါက်တာထက်တောင် ကို ကံကောင်းသေးတယ်။ ကျွန်ုပ်စိတ်ထဲမှာ ထခုန်မတတ် ဖြစ်သွားပြီ။
“တပည့်တော်တို့က စုပေါင်းပြီး အလှူငွေ ၀ိုင်းထည့်ကြမှာလေ ဘုရား။ စာသင်ဆောင်ကို စိတ်ချသွားရ အောင် အုတ်နဲ့ သွပ်မိုး တိုက်ကျောင်း ဆောက်မှာပါ ဘုရား”
ကြားနေရတဲ့ စကားလုံးတွေကတော့ တန်ဘိုးရှိလှတဲ့ စကားလုံးတွေ ပါပဲလား။ တစ်ခုမှ လွှင့်ပစ်စရာကို မရှိဘူး။ ၀မ်းသာလွန်းလို့ ဘာကစ၊ ပြန်ပြောရမှန်းတောင် မသိဘူး။ ကျွန်ုပ်လည်း ဧည့်သည်တွေကို နေရာထိုင်ခင်း ပေးဖို့တောင်မှ မေ့နေတယ်။ မေ့လည်း မေ့လောက်ပါ တယ်။ ကျွန်ုပ်ကိုယ်တိုင်ကိုက မနေ့က မိုးလေကြောင့် နေစရာတောင် နတ္ထိ ဖြစ်ခဲ့တာကိုး။
ဒါနဲ့ ဧည့်သည်တွေနဲ့ အတူ ကျွန်ုပ်လည်းပဲ မြေကြီးပေါ်မှာပဲ အဆင်ပြေသလို ထိုင်လိုက်ရတော့တယ်။ ဧည့်သည်တွေကတော့ မြို့ထဲက ငွေကြေး အတော်အတန် ရှိတဲ့ လူတွေပဲ။ သဒ္ဓါတရား တော်တော် ရှိကြပါလား။ ငွေကြေး ချမ်းသာတိုင်း သာသနာကို ကြည်ညိုတတ်တဲ့ သဒ္ဓါတရား ရှိချင်မှ ရှိကြတာလေ။
သဒ္ဓါတရား ရှိတဲ့လူတွေကသာ မိမိတို့ ပိုင်ဆိုင်ကြတဲ့ ငွေကြေးတွေကို သာသနာအတွက် လိုအပ်တဲ့ နေရာတွေ၊ တန်ဘိုးရှိတဲ့ နေရာတွေမှာ အသုံးချ လှူဒါန်းကြတာ။ သဒ္ဓါတရား ခေါင်းပါးတဲ့ လူတွေ ပိုင်ဆိုင်ကြတဲ့ ငွေကြေးတွေကျတော့ သူတို့ရဲ့ ကာမဂုဏ် ခံစားဖို့ကိုပဲ အသုံးချနေကြတယ်။ ငွေကြေးချင်း တူပေမယ့် တန်ဘိုး ရှိပုံချင်းကျတော့ မတူကြဘူးနော်။
ကျွန်ုပ်ဆီကို အခုလာတဲ့ ဧည့်သည်တွေကတော့ ပရဟိတ စိတ်ဓာတ် အပြည့်အ၀ ရှိကြတယ်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာ ရဟန်းသံဃာရော လူတွေမှာပါ ပရဟိတ စိတ်ဓာတ် ရှိသူတွေ များများ ရှိဖို့ လိုအပ်တယ်။ ဒကာ၊ ဒကာမတွေကလည်း မိမိတို့ အပင်ပန်းခံ လုပ်ကိုင် ရှာဖွေထားကြတဲ ချွေးနှဲစာ ငွေကြေးတွေကို တကယ် လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းကြဖို့ လိုတာပေါ့။
ဒါမှသာ သာသနာကို ရေရှည် ထိန်းသိမ်းထားနိုင်မှာလေ။ ဒီလိုမှ မဟုတ်ရင် လူမှုရေး အခက်အခဲတွေကို ကူညီပေးတဲ့ ဘာသာခြားတွေရဲ့ ဆွဲဆောင်မှု နောက်ကိုပဲ ဗုဒ္ဓဘာသာဝင်တွေက ပါသွားကြမှာ။
ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးဟာ ကလေးတွေအတွက် ပညာရည်တိုးတက် အောင် ပြုလုပ်ပေးရုံသာ မကဘူး၊ သူတို့လေးတွေရဲ့ အကျင့်စာရိတ္တပိုင်း ဆိုင်ရာရော၊ ဗုဒ္ဓဘာသာရဲ့ အတွေး အခေါ်ပိုင်း အတွက်ပါ သင်ကြားပေးတဲ့ ကျောင်းလေးပါ။ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးနေတာ လေ။ အဲဒါဟာ ကျွန်ုပ်ကျင့်သုံးနေတဲ့ သာသနာ ပြုတဲ့နည်းစနစ် တစ်ခုဖြစ်တယ်။ သာသနာဆိုတဲ့ အဓိပ္ပာယ်က မြတ်စွာဘုရားရဲ့ အဆုံးအမပဲ မဟုတ်လား။
အဲဒီ အဆုံးအမတွေကို ကျွန်ုပ်က ကလေးတွေရဲ့ နှလုံးသားထဲကို အုတ်မြစ်ချ ပုံသွင်းပေးနေတာပေါ့။ ကျွန်ုပ်ရဲ့ ကျောင်းက ကလေးတွေဟာ လိမ်မာယဉ်ကျေးလာကြပြီ ဆိုရင် မြန်မာနိုင်ငံ မှာ လူဆိုးတွေကို ထိန်းသိမ်းမယ့် အကျဉ်းထောင် တစ်ခုကို ပိတ်ပေး လိုက်နိုင်တာနဲ့ အတူတူပါပဲ။
ကလေးတွေဟာ အနာဂတ်ရဲ့ သားကောင်းရတနာတွေ ဖြစ်သလို သာသနာအတွက်လည်း ရေသောက် မြစ်တွေပါပဲ။ နောင်တစ်ခေတ်မှာ ဖူးပွင့်ဝေဆာ လာမယ့် သာသနာတော်ရဲ့ အညွန့်အတက်၊ အငုံအဖူးလေးတွေ မဟုတ်လား။
ကျွန်ုပ် စစ်ကိုင်းမှာ သီတင်းသုံးနေတုန်းကပေါ့။ ငွေကြေးချမ်းသာတဲ့ ဒကာတစ်ဦးက ယတြာချေတယ် ဆိုလားပဲ။ စစ်ကိုင်းတောင်စောင်း တစ်နေရာမှာ ဘုရားစေတီ တစ်ဆူ လာတည်တယ်။ ကျွန်ုပ်ကတော့ အဲဒီ ဒကာကြီးကို အားမနာတမ်း ပြောလိုက်မိပါတယ်။
အပိုင်း (၅ - ဇာတ်သိမ်းပိုင်း) သို့ ဆက်ရန်…

No comments:
Post a Comment