ကျွန်ုပ်ရဲ့ အသံကို ကြားလိုက်တော့ ရန်ဖြစ်နေတဲ့ ယောက်ျားလေး နှစ်ယောက် ငြိမ်သွားပါလေရော။
“ဘာဖြစ်လို့ ရန်ဖြစ်နေရတာလဲ?”
“သားရဲ့ လွယ်အိတ်ထဲက ဘုန်းဘုန်းပေးထားတဲ့ မုန့်ဖိုးကို သူက သားမသိခင် ယူထားတယ်။ သားက ပြန်တောင်းတော့ ပြန်မပေးဘူး ဘုန်းဘုန်း။ အဲဒါကြောင့် သား သူ့ကို လက်သီးနဲ့ ထိုးလိုက်တာပါ”
“သူများရဲ့ ပစ္စည်းကို ခွင့်ပြုချက် မရပဲနဲ့ မယူရဘူးလို့ ဘုန်းဘုန်း သင်ပေးထားတယ် မဟုတ်လား? ပြန်ပေးလိုက်စမ်း! ရန်မဖြစ်ရဘူးလို့လည်း ဘုန်းဘုန်း ပြောထားတယ် မဟုတ်လား?”
အင်း….. အရွယ်မရောက်သေးတဲ့ ကလေးတွေကို အကျင့်စာရိတ္တ ကောင်းမွန်ဖို့ သင်ကြားရေးမှာလည်း ကျွန်ုပ်တာဝန်ပဲလေ။ ကလေးတွေရဲ့ ပညာရေးသာမက အသိဉာဏ်ပညာ ဖွံ့ဖြိုးရေးမှာလည်း ဘ၀အတွက် လိုအပ်ချက်ပဲ။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်လို့ ကျွန်ုပ်ရဲ့ ဘ၀ကို ပေးဆပ်ထားတာပေါ့။
ဟိုတစ်နေ့ကလည်း ကျွန်ုပ် ဘုန်းကြီးကျောင်းမှာ နေနေတဲ့ သူငယ်တန်းက ကလေးတစ်ယောက် ထိုင်လျက်နဲ့ ငိုနေတာ ဘာဖြစ်လဲ လို့ သွားကြည့်လိုက်တော့၊ ဘယ်ဟုတ်မလဲ အဲဒီ ကလေးက အီအီးတွေ ဘောင်းဘီထဲမှာ ပါပြီး ငိုနေတာကိုး။ ကျွန်ုပ်မှာ ကျောင်းသားလေးတွေရဲ့ အကူအညီနဲ့ သန့်စင်ပေးရသေးတယ်။ စာသင်နေရင်း တချို့ အီးအီးထွက်ကျတတ်လို့ မရွံ့မရှာ သန့်ရှင်းရေး ပြုလုပ်ပေးရတာကတော့ ကျွန်ုပ်အတွက် အကြိမ်ပေါင်း မရေနိုင်တော့ဘူး။
ဟူး… ကျွန်ုပ်ဘ၀ကလည်း အဖေဆိုလည်း ကျွန်ုပ်၊ အမေဆိုလည်း ကျွန်ုပ် ဖြစ်နေပါပေါ့လား။ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းလေး ကတော့ တဲကုပ်သာသာပါ။ တဲကုပ်ဆိုလို့ အထင်တော့ မသေးလိုက်ပါနဲ့။ ကျွန်ုပ်က အားကိုးရာမဲ့နေတဲ့ မိဘမဲ့ ကလေးတွေကို အဲဒီ တဲကုပ်ထဲကနေပြီး သူတို့လေးတွေရဲ့ဘ၀ အာမခံချက်ရအောင် မြေတောင်မြှောက်ပေးမှာ။
လူနေခြုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားပုံလေးဟာ ကျွန်ုပ်အတွက်ပေလား မပြောတတ်။ ကျွန်ုပ်ကို ကျွန်ုပ် စိတ်ဓာတ်မြင့်တင်လိုက်တယ်။
အဲဒါက ဟိုး ရှေးရှေးတုန်းက မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေ၊ မင်းညီမင်းသားတွေဟာ ဘုန်းကြီး ကျောင်းသား၊ ဘုန်းကြီးကျောင်းထွက်တွေပဲလေ။ ဒါကြောင့် နောင်တစ်ချိန်မှာ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းလေးက ပညာတတ်၊ ပညာရှိတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ပေါ်ထွန်းလာမယ် ဆိုတာ ကျွန်ုပ်က အခိုင်အမာ ယုံကြည်ထားတာ။ ကျွန်ုပ်ရဲ့ ကျောင်းကတော့ မြန်မာနိုင်ငံ အောက်ပိုင်း မြို့တစ်မြို့ အစွန်နားက ဆင်းရဲသား ရပ်ကွက်နားမှာလေ။
ကျွန်ုပ်ရဲ့ တဲကုပ်ကျောင်းလေးထဲ စာသင်နေတဲ့ အချိန်မှာ ကလေးတွေကို လေတိုက်ပြီး နေမကောင်း ဖြစ်မှာ စိုးလို့ ပင်လယ် ဓနိဖက်ကလေးတွေနဲ့ ကာထားရသေးတယ်။ သူများတွေရဲ့ အမြင်မှာကတော့ ကျွန်ုပ်ရဲ့ ကျောင်းလေးဟာ တဲကုပ်ပေါ့။ အေးလေ ဘယ်သူတွေက ဘာတွေပဲပြောပြော ကျွန်ုပ်ကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီး ကြွားလိုက်ရမှာပဲ။
တစ်မျိုးတော့ မထင်လိုက်နဲ့နော်။ အဲဒီ တဲကုပ်က ကျွန်ုပ်ရဲ့ သီတင်းသုံးနေထိုင်ရာ၊ ကလေးတွေကို အသိပညာ၊ အတတ်ပညာတွေ မျှဝေပေးရာ ရွှေကျောင်းတော်လေးပေါ့။ ကျွန်ုပ်ကတော့ ဒီတဲကုပ် ရွှေကျောင်းတော်လေးကို ပညာ့ဘုံဗိမာန် လို့ အမည်နာမ ကင်ပွန်းတပ်ထားလိုက်တယ်။
မိဘမရှိတဲ့ ကလေးတွေ၊ ဆင်းရဲသား ကလေးတွေ အတွက်ကတော့ ကျွန်ုပ်ရဲ့ ကျောင်းလေးဟာ သူတို့လေးတွေအတွက် ပညာနို့ရည်တွေကို တိုက်ကျွေးပေးနေတဲ့ ပညာ့ဘုံဗိမာန်လေး ဆိုရင် မမှားနိုင်ဘူးလေ။ အဲဒီလို မိဘမဲ့ ကလေးတွေကို ကြည့်ပြီး ဒီကလေးတွေဟာ တိုက်ကျောင်းကြီးနဲ့သာ စာသင်နေကြရရင် ဘယ်လောက်များ ပျော်ရွှင်နေလိုက်ကြမလဲ။ အဲဒါက ကျွန်ုပ်ရဲ့ စိတ်ကူး၊ အိပ်မက်လေး အဖြစ် တွေးကြည့်နေ မိတာပါ။
အဲဒီလို ပညာ့ဘုံဗိမာန်လေးကို တည်ဆောက်ထားတယ် ဆိုတော့ ကျွန်ုပ်ကို ငွေချမ်းသာတယ် လို့တော့ အထင်မကြီးလိုက်နဲ့ဦး။ တစ်ခါတလေ ကျွန်ုပ်ရဲ့ ဒကာ၊ ဒကာမအိမ်တွေက ဆွမ်းစား၊ ကွမ်းစားလေးတွေ ပင့်ဖိတ် တတ်တယ်လေ။ အဲဒီလို ဆွမ်းစား၊ ကွမ်းစားလေးတွေကို ကြွတော့ ၀တ္ထုငွေလေး၊ ဘာလေး အဆင်ပြေတာပေါ့။
ဝတ္ထုငွေလေး ကတော့ ရှင်းပါတယ်။ ဘာလေး ဆိုတာက ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ လှူဖွယ်အစုစု ပေါ့ဗျာ။ ဆွမ်းစား၊ ကွမ်းစား ပင့်ဖိတ်တာလေး များတဲ့ အခါဆိုရင် ကျွန်ုပ် တာဝန်ယူ ကျွေးမွေးထားတဲ့ မိဘမဲ့ ကလေးတွေအတွက် အဆင်ပြေတယ်။ လူ့လောက စကားနဲ့ ပြောရရင် စီးပွားရေး တွက်ခြေကိုက်လို့ စားဝတ်နေရေး ပြေလည်တယ်ပေါ့။
တစ်ခါတလေများ အလှူအတန်းလေးတွေ ပင့်ဖိတ်မယ့် ဒကာ၊ ဒကာမ မရှိရင် ကျွန်ုပ်မှာ ရင်လေးနေရသေးတယ်။ ရင်လေးနေရတယ် ဆိုတာက ကလေးတွေအတွက်ပါ။ ကျွန်ုပ်က ကလေးတွေ အားလုံးအတွက် စားသောက်ဖို့ စားသောက်စရိတ်။ ပြီးတော့ လိုအပ်တဲ့ စာအုပ်စာတမ်းတွေလည်း ၀ယ်ပေးနေရတာကိုး။ ကလေးတွေရဲ့ ကျန်းမာရေး အတွက်လည်း ဆေးဖိုးဝါးခက အစ ရှာကြံပေးရသေးတာ။
ကျွန်ုပ်အတွက် ဆိုရင်တော့ ဘာပူစရာ ရှိမှာတုန်း။ သပိတ်တစ်လုံး ရှိနေရင် အဆင်ပြေနေပြီးသား။ သစ်ပင်တွေ့ရင်လည်း ကျောင်းအမှတ်နဲ့ သီတင်းသုံးလိုက်လို့ ရသား။ အခုက ကလေးတွေ အတွက် ဆိုတော့ အဆင်ပြေအောင် တတ်နိုင်တာလေးနဲ့ စီစဉ်ပေးရမှာလေ။
ကျောင်းစဖွင့်တဲ့ ရာသီက မိုးရာသီဆိုတော့ စာသင်နေတဲ့ ကလေးတွေကို မိုးမစိုအောင် ခေါင်မိုးကို ပင်လယ် ဓနိဖက်တွေနဲ့ လုံအောင် မိုးထားရသေးတယ်။ အကုန်အကျ သက်သာအောင်ဆိုပြီး ပင်လယ် ဓနိဖက်ကို ခပ်ကျဲကျဲလေး မိုးပေါ့။ နံဘေးကနေ လေတိုက်ပြီး မိုးပက်မှာ စိုးလို့ နံရံကိုလည်း ၀ါခြမ်းပြားနဲ့ ညှပ်ပြီး ပင်လယ် ဓနိဖက်ကို ၀ါးနှီးကို နွှာပြီး ချည်ထားရတာ။ ဒါမှ စရိတ်စက ကို ကာမိစေမှာပေါ့။ မကုန်သင့်တာ မကုန်အောင် ကိုယ့်ကိုယ်ကိုပဲ အပင်ပန်းခံရမှာ။
ဘုန်းကြီးဆိုတာ သူများလှူမှ ရတာ။ ကိုယ့်ကို ပစ္စည်းလေးပါး ဒါယကာအဖြစ် မလျှောက်ထားဘဲ နဲ့လည်း အလှူသွားခံလို့ ရတာလည်း မဟုတ်ဘူး။ ပစ္စည်းလေးပါး ဒါယကာ အဖြစ် လျှောက်ထားတာတောင်မှ ဒကာတွေမှာ စီးပွားရေး ပြေလည်လား၊ မပြေလည်ဘူးလား ဆိုတာကို ကြည့်ရသေးတယ်။ တော်ကြာ အလိုက်မသိတဲ့ ဘုန်းကြီး ဖြစ်နေဦးမှာ။ ကျွန်ုပ်ကလည်း ဒကာ၊ ဒကာမတွေ ငြိုငြင်ခံရမယ့် ဘုန်းကြီး မဖြစ်အောင်လည်း နေပြချင်သေးတာ။
မြန်မာနိုင်ငံ အောက်ပိုင်းက ပင်လယ်နဲ့နီးတော့ မိုးဦးကျ ဆိုရင် လေရောမိုးရော သိပ်ကို ပြင်းထန်တာ။ လေက တိုက်ပြီဆိုရင် မုန်တိုင်းငယ် အဆင့်လောက်အထိ ရှိတတ်တယ်။
“ဝေါ…..ဝေါ…..”
“ဂျွတ်…..ဂျွတ်…..၀ုန်း”
အပိုင်း (၃) သို့ ဆက်ရန်…

No comments:
Post a Comment