Saturday, November 5, 2011

ရဟန်းဘ၀၏ ပစ္စုပ္ပန်အကျိုးများနှင့် တန်ဆောင်မုန်းလပြည့်

ရဟန်းဘ၀၏ ပစ္စုပ္ပန်အကျိုးများနှင့် တန်ဆောင်မုန်းလပြည့်
posted by အရှင်သုနန္ဒာလင်္ကာရ

ငယ်စဉ်က တန်ဆောင်မုန်းလပြည့်နေ့ဟူသည် ပံ့သုကူဖွတ်သူက ဖွတ်၊ ရှာသူက ရှာဖြင့် ပျော်စရာကောင်းသော ညတည ဟူ၍သာ သိမှတ်ခဲ့ဖူးသည်၊ ထိုညတွင် လမင်းကြီး ထိန်ထိန်သာ နေသည်ကိုတော့ မှတ်မိနေသည်။ ထိုလ မင်းကြီး ထိန်ထိန်သာနေ သည်ကို အကြောင်းပြုကာ ထင်ရှားသော အဖြစ်အပျက်များစွာဖြင့် သာသနာ့ဘောင် ရဟန်း ဘောင် ၀င်ရခြင်း၏ ပစ္စုပ္ပန်ဘ၀ရရှိနိုင်သော အကျိုးကျေးဇူးများကို ဖော်ပြသော တန်ဖိုးဖြတ်မရသော သုတ္တန်ဒေသနာ တစ်ခု ရှိခဲ့သည်ကိုတော့ ယခုမှ သဘောပေါက်ရသည်။

တန်ဆောင်မုန်းလပြည့်နေ့ နှင့်စပ်ဆက်အဖြစ်အပျက်များ

ကြယ်တွေ စုံသောည၊ နက္ခတ်တာရာများ အားလုံး စုံသောည၊ ဆေးပေါင်းခ-သောည စသည်ဖြင့် ယနေ့ခေတ် လူတို့ ခေါ်ဝေါ်နေကြသည်ကား အခြားမဟုတ်၊ နက္ခတ် ကြယ်တာရာများ စုံလင်နေချိန်တွင် ဆေးဖော်ခြင်း၊ မန္တာန်စီရင်ခြင်း စသည်များ ပြုလုပ်ပါက အောင်မြင်ပေါက်မြောက်နိုင်သည်ဟု ဆရာတို့ ဆိုခဲ့ကြသောကြောင့် ခေတ်စား နေကြဆဲပင်။

ဟိုးလွန်ခဲ့သော နှစ်ပေါင်း (၂၅၅၅) လောက်ဆီကတော့ လမင်းကြီး ထိန်ထိန်သာနေသည်ကို ကြည့်ကာ အေးချမ်း သောညအခါတွင် တရားနာချင်စိတ် ပေါက်လာသော ဘုရင်တပါး ရှိခဲ့ဖူးသည်၊ သောတာပန် ဖခင်ကြီးကို မင်းအာဏာ ရလိုမှုဖြင့် နည်းအမျိုးမျိုး ညှင်းဆဲကာ သတ်ခဲ့မိသော အရွယ်ငယ်ငယ်၊ မာန်တကြွကြွ၊ သန်လျက်တကိုင်ကိုင်ဖြင့် အာဏာ ရူးခဲ့သော ထိုအဇာတသတ် မည်သော ဘုရင်ကလေးအား ဆေးဆရာဇီဝက က ဘုရားရှင်အထံ ဦးဆောင်ကာ ခေါ်သွားရပုံ၊

အသက်ကလည်းငယ်၊ အာဏာကလည်း ပြင်းထန်၊ တရားကလည်း မရှိခြင်းကြောင့် ဘုရားရှင်သည် ဆရာဒကာ မဆက် ဆံလိုသဖြင့် ရာဇဂြိုလ် မှ ၀ါတော်( ၂၁ ) ၀ါနောက်ပိုင်းတွင် သာဝတ္ထိသို့ ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန်အထိ အပြီးအပိုင် ပြောင်းရွှေ့ သီတင်းသုံးခဲ့ပုံ၊
ထိုသို့ ကြဉ်ဖယ်ထားသောကြောင့်နောင်တရချိန်တွင် ဆရာဇီဝကကိုခေါင်းဆောင်တင်ကာ ယခုလိုတန်ဆောင်မုန်း လပြည့်ညအခါ လမင်းကြီးထိန်ထိန်သာနေချိန်တွင် ပိတုဃာတကကံကြီးကို ကျူးလွန်ပြီးမှ နောင်တရကာ ဘုရားရှင်ကို ဆည်းကပ် ၍ သာမညဖလသုတ္တန် ( ရဟန်းဘ၀၏ ပစ္စပ္ပန်ခံစားခွင့်များ ) အကြောင်းကို နာယူသော်လည်း သောတာပန် အဖြစ်မှ အလွဲကြီးလွဲရပုံ၊

ထိုမှနောက်တွင် ဆက်စပ်တွေးမိလာသော ယနေ့ခေတ် ဗုဒ္ဓဂါယာ မှ ရာဇဂြိုလ် ရှုခင်းများ၊ ဒေ၀ဒတ် ကျောက်မောင်း ဆင်ကာ ဘုရားရှင်အား သတ်ရန် ရည်ရွယ်ခဲ့သော ဂိဇ္ဈကုဋ်တောင်စောင်း တောင်တန်းများ၊
ဖခင် ဗိမ္ဗိသာရကြီးကို သတ်ခဲ့သည်မှ စကာ ဖခင်ကို သတ်ပြီး အာဏာယူခဲ့သော စနစ်ဆိုးကြီးသည် ဘုရင် ငါးဆက် တိုင်တိုင် ကြီးစိုးနေခဲ့ပုံ၊
အဇာတသတ်မင်းမှနောက်တွင် ဥဒယဘဒ္ဒမင်း၊ အနုရုဒ္ဓါမင်း၊ မုဏ္ဍိကမင်း၊ နာဂဒါသမင်းအားဖြင့် ငါးဆက်မြောက် ဘုရင်လက် ထက်တွင် သည်းမခံနိုင် မနေနိုင်သော သိသုနာဂမည်သော အမတ်တစ်ဦးက ဘုရင်ကို သတ်ကာ ပိတုဃာတက မျိုးဆက်ကို ဖြတ်ပြစ်ခဲ့ရပုံ စသည်များကား အံ့သြစရာ တုန်လှုပ်ခြောက်ခြားစရာ များဖြင့် ပြည့်နှက်နေ ခဲ့သည်။

သာမညဖလသုတ္တန် အနှစ်ချုပ်

ဘုရားရှင်သည် ရာဇဂြိုလ်မြို့၏ အရှေ့ဖက် ဂိဇ္ဈကုဋ်တောင်ခြေတွင် ရှိနေသော ဇီဝကဆေးဆရာ၏ သရက်ဥယျာဉ် တွင် နောက်ပါရဟန်းပေါင်း( ၁၂၅၀) ဖြင့် သီတင်းသုံးနေစဉ် ဘုရင်အဇာတသတ် ရောက်လာကာ ရဟန်းဘ၀၏ ပစ္စုပ္ပန်ခံစားခွင့် များကို မေးလျောက်ခဲ့သည်။
မြတ်စွာဘုရား သာသနာ့ဘောင်မှာ နေသူတယောက်အတွက် ယခုဘ၀မှာဘယ်လို အကျိုးတွေ ရနိုင်ပါသလဲဘုရား ….
ဒီမေးခွန်းကို ဘယ်သူတွေကို မေးခဲ့သေးသလဲ…
တိတ္ထိဆရာကြီး (၆) ယောက်ကို မေးခဲ့ပါတယ်ဘုရား …
သူတို့ ဘယ်လို ဖြေခဲ့သလဲ ဆိုတာ တင်လျောက်ပါအုံး …..

အရှင်ဘုရား ပုရာဏကဿပ ပြောပုံကား .. လူတယောက်သည် ငါးပါးသီလ ချိုးဖောက်သော်လည်း အကုသိုလ်မမည်၊ အပြစ်မဖြစ် ပါ၊ သတ္တ၀ါအားလုံးကို စွမ်းနိုင်လျင် အကုန်လုံးသတ်ကာ အသားစုပုံကြီးဖြစ်အောင် လုပ်သော်လည်း ပါဏာတိပါတကံမမြောက်ပါ၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းကြောင့်လည်း ကုသိုလ်ကောင်းမှုမဖြစ်ပါ၊ ကုသိုလ် အကျိုး၊ အကုသိုလ်အကျိုး ကို ဘယ်သောအခါမှ ခံစားရမှာမဟုတ် …ဟု ပြောဆိုကာ သူ၏ အကိရိယ၀ါဒ ကိုသာ ဖြေကြား ခဲ့ပါသည်၊ သရက်သီး ဘယ်မှာလဲ ဟုမေးရာတွင် ဟိုမှာ ပိန္နဲသီးရှိတယ် ဆိုသကဲ့သို့ သူပြောချင်ရာ ဖြေချင်ရာကိုသာ ဖြေကြားပါသည်ဘုရား ဟု လျောက်ထားခဲ့သည်။
ဤသို့ဖြင့် အခြားသော တိတ္ထိဆရာကြီးများ၏ နတ္ထိက၀ါဒ၊ အဟေတုက၀ါဒ၊ ဥစ္ဆေဒ၀ါဒ များကိုလျောက်ထားခဲ့သေးသည်၊ နောင်မှ ထိုဝါဒများအကြောင်းကို အလျင်းသင့်လျင်ရေးပါမည်။

မင်းမြတ်. သူတို့အဖြေတွေကို ထားလိုက်ပါတော့ … သင့်ကိုပဲ ပြန်ပြီး မေးခွန်းထုတ်ရလိမ့်မယ်၊ သင့်ထံမှာ ခစားနေတဲ့ မင်းအကြိုက်ေ ဆာင်ကာ အမြဲတာဝန်ကျေပွန်သော မင်းခစား မင်းချင်းတစ်ယောက်ဟာ အော် ကုသိုလ်တွေက အံ့သြစရာ ကောင်းလိုက်တာ၊ လူချင်းအတူတူ ဖြစ်ပါလျက် ရှင်ဘုရင်ကတော့ ကာမဂုဏ်တွေကို စိတ်ကြိုက်ခံစားနေရတယ်၊ ငါကတော့ သူ့အတွက် ကျွန်ဖြစ်နေတယ်၊ ငါ့ဘ၀မြင့်မြတ်ဖို့ သာသနာ့ဘောင်ဝင်ရရင်ကောင်းမယ် လို့ တွေးပြီး သံဝေဂရလို့ သာသနာ့ဘောင် ၀င်သွားခဲ့ရင် သူ့ကို အပြစ်ပေးမှာလား သတ်မှာလား ဒကာတော် …

အပြစ်မယူပါဘူးဘုရား၊ တကယ်တော့ တပည့်တော်ကတောင် လက်အုပ်ချီကာ ရှိခိုး၊ အရိုအသေပေးပြီး ပစ္စည်းလေးပါး ဒကာအဖြစ် ထောက်ပံ့ရအုံးမှာပါ …
မင်းမြတ်.. ဒါဆိုရင် ရဟန်းဘ၀ရဲ့ မျက်မှောက်အကျိုး ခံစားခွင့်ဆိုတာကို လက်ခံပြီ မဟုတ်လား …
အဲဒါ ပထမဦးဆုံး အကျိုးပဲ ရှိသေးတယ်။
နောက်တဖန် သင်မင်းကြီးရဲ့ နောက်လိုက်တွေ ဖြစ်တဲ့ လယ်သမားတွေ၊ ကုန်သည်သူကြွယ်တွေ ၊ တနေ့လုပ် တနေ့စားရ သော ဆင်းရဲသားတွေဟာလဲ လူ့ဘ၀မှာနေစဉ်က သင်မင်းမြတ်ထက် အဆင့်အတန်းနိမ့်ကျသော်လည်း သာသနာ့ ဘောင်ဝင်ရောက်ခဲ့ရင် သူတို့ဘ၀ဟာလဲ မြင့်မြတ်သွားတာပဲ မဟုတ်လား …ဒါဟာလဲ ဒုတိယ ခံစားခွင့်အကျိုးတွေပါပဲ …

ထိုရဟန်းဟာ သာသနာ့ဘောင်မှာ နေစဉ်အတွင်း ငါဘုရားရဲ့ တရားတော်တွေကို ယုံကြည်သောကြောင့် စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလစသော သီလတွေကို လုံလုံခြုံခြုံ စောင့်စည်းတယ်၊ ဣနြေ္ဒတို့ကို စောင့်စည်းရင်း၊ သတိ သမ္ပဇဉ် မပြတ် ထားရင်း၊ ပစ္စည်းလေးပါးကို ရသမျှဖြင့် တင်းတိမ်ရောင့်ရဲခြင်းဖြင့် ဓုတင်အကျင့်များကို ကျင့်ကြံရင်း နီဝရဏတရား တွေ ကင်းကွာကာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အားဖြင့် အဆင့်ဆင့် ရရှိသွားနိုင်တယ်။

နောက်ပိုင်းမှာ သမာပတ် ရှစ်ပါး၊ အဘိဥာဉ် (၆)ပါးတို့ကိုပါ ပွားများရရှိလာပြီး အရဟတ္တမဂ်-ဖိုလ်ကို မျက်မှောက်ပြုကာ ရဟန္တာဖြစ်နိုင်ဖို့ အခွင့်အရေးလဲ ရှိနိုင်တယ်၊ ကိုယ်တိုင်ကျင့်ကြံလျင် ကိုယ်တိုင် ခံစားခွင့်ရှိတယ်၊ ဒီထက် သာလွန်တဲ့ ခံစားခွင့်တော့ မရှိတော့ဘူး၊ ဒီအကျိုးကျေးဇူးခံစားခွင့်ဟာ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ အမြင့်မြတ်ဆုံး အသာလွန်ဆုံး အခွင့်အရေးပဲ မင်းမြတ် … ဟု မိန့်တော်မူကာ သုတ္တန်ကို နိဂုံးချုပ်တော်မူသည်။ တရားတော်အဆုံး၌ သရဏဂုံတည်သော ဥပါသကာအဖြစ် ခံယူခဲ့သည်။ ( တိတ္ထိဆရာကြီးများ၏ ၀ါဒမျိုးစုံနှင့် သမာပတ်ရှစ်ပါး၊ အဘိဥာဉ်ခြောက်ပါး ကျင့်စဉ်များကို ပို့စ်ရှည်မည် စိုးသောကြောင့် အကျဉ်းချုပ်ထားပါသည် )




အထက်ပါပုံဟာ တန်ဆောင်မုန်းလပြည့်နေ့ညဦးပိုင်းတွင် တရားနာလိုသောကြောင့် နောက်ပါအခြွေအရံများနှင့်တကွ မီးတုတ်များ ကိုယ်စီကိုင်ကာ ဘုရားရှင်ထံ လာကြသောဘုရင် အဇာတသတ်နှင့် ဆရာဇီဝကတို့ ရှုခင်းသရုပ်ဖော် ဓာတ်ပုံပါ။ သံဃာ ၁၂၅၀ အင်အားရဲ့ တိတ်ဆိတ်မှုကို ဘုရင်အဇာတသတ် ကြက်သီးမွေးညှင်းများ ထလောက်အောင် တုန်လှုပ်ခဲ့ပါသတဲ့
ယနေ့ခေတ်တွင်တွေ့မြင်ရသော သာမညဖလသုတ္တန်ဟောကြားခဲ့ရာ ဇီဝက၏ သရက်ဥယျာဉ်ပါ




အာဏာမက်သော သားတစ်ယောက်က ထောင်သွင်း အကျဉ်းချထားသော်လည်း သောတာပန်တယောက်ရဲ့ ဓမ္မပီတိကိုတော့ အရှုံးပေးခဲ့ရတယ်၊
စင်္ကြလျောက်ကာ မြန်မြန်မသေနိုင်သော ခမည်းတော်ကြီးအား စင်္ကြံမလျောက်နိုင်အောင် ခြေဖ၀ါးကို ဓားဖြင့်ခွဲစေသော အဖြစ် အပျက်ကား တကယ့်ဖြစ်ရပ် ဟုပင် ထင်စရာမရှိပါပေ၊ လောဘ များရင် မမှားသင့်တဲ့ အမှားတွေကို ကျူးလွန်တတ်တဲ့ လူ့စိတ်သဘာဝကို သံဝေဂရစေသော မြင်ကွင်းများပါ ...

ရာဇဂြိုလ်၏ နောက်ခံပုံရိပ်များ

ရာဇဂြိုလ်မြို့သည် သမိုင်းကြောင်း ကောင်းခဲ့သောမြို့ဟု ဆိုရပါမည်၊ ယင်းမြို့သည် ဂေါတမဘုရားရှင်လက်ထက်တွင် မဂဓတိုင်း၊ ကဿပဘုရားရှင်လက်ထက်တွင် သုပ္ပိယတိုင်း၊ ကောဏာဂုံဘုရားလက်ထက်တွင် ရောဟိတတိုင်း၊ ကကုသန် ဘုရားလက်ထက် တွင် ပါစိန၀ံသတိုင်းဟူ ၍ ဘုရားလေးဆူတိုင်တိုင် ထင်ရှားခဲ့သော နေရာဖြစ်သည်။

ဂိဇ္ဈကုဋ်တောင်၊ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍ၀တောင်၊ ဣသိဂိလိတောင်ဟူသော တောင်ငါးလုံးတို့သည် ရာဇဂြိုလ်မြို့၏ ပတ်ပတ်လည်တွင် သဘာဝအတိုင်း ကာရံထားသလို ဖြစ်နေခြင်းကြောင့် ဒယ်အိုးပုံသဏ္ဍာန်ဖြင့် တောင်ငါး လုံး ကာခို မြို့ရာဇဂြိုလ် ဟူ၍၄င်း၊ တောင်ခံတပ်မြို့ ဂိရိဗ္ဗဇ ဟူ၍၄င်း၊ ၀သုမတီမြို့တော်၊ ရာဇဂဟ၊ ရာဇဂိရိ ဟူသော နာမည်များလည်း အစဉ်အတိုင်း ခေတ်အဆက်ဆက် ထင်ရှားခဲ့ပြန်သည်။

သမိုင်းအထောက်အထားများအရ ယနေ့ခေတ်တွင်ရာဇဂြိုလ်မြို့ဟောင်း၊ မြို့သစ်ဟူ၍ နှစ်နေရာ ရှိရာ မြို့ဟောင်း နေရာ သည် တောင်ငါးလုံး ကြားထဲတွင် တည်ရှိခဲ့သည်၊ ဖခင်ကို သတ်ပြီးသော အဇာတသတ်သည် သံဝေဂကြီးစွာ ရရှိပြီး မြို့ဟောင်းနေရာတွင် မနေလိုပဲ မြို့သစ် နန်းသစ်တည်ထောင်ကာ စိတ်သစ် လူသစ်အဖြစ် ပြန်လည် သစ်ဆန်းလိုခြင်း ဖြစ်ဟန် တူသည်။
ထို့ကြောင့် မြို့ဟောင်းနှင့် အတန်ငယ်ဝေးကွာသော ဝေဠုဝန်ကျောင်းတော်နှင့် မလှမ်းမကမ်းတွင် နန်းတော်ရာသစ်ကို တည်ဆောက်ကာ ထီးနန်းစိုးစံခဲ့သည်၊ ရာဇဂြိုလ်မြို့အကြောင်းကား ဘုရားဟောပါဠိတော် စာပေများတွင် အဖြစ်အပျက် များ ပြောမကုန်အောင် ရှိခဲ့သည်၊ သာသနာထွန်းကားခဲ့သောကြောင့်ပင် မြို့အနီးဝန်းကျင်တွင် ကျောင်းပေါင်း ( ၁၈ ) ကျောင်းတိတိ ရှိခဲ့၏၊

ရာဇဂြိုလ်မြို့၏ အရှေ့ဖက်တွင် ဂိဇ္ဈကုဋ်တောင် ရှိပြီး ထိုတောင်ခြေတွင် သာမညဖလသုတ္တန် ဟောကြားခဲ့ရာ ဇီဝက သရက်ဥယျာဉ် ရှိနေသည်၊ မြို့ကို တံတိုင်းနှစ်ထပ် ကာရံထားပြီး တံခါးကြီး ၃၂ ပေါက်၊ တံခါးငယ် ၆၂ ပေါက်ရှိခဲ့သည် ဟု သမိုင်းများက ဆိုသည်။ ဘုရားလက်ထက်တော်အခါက စီးပွားရေး၊ ဘာသာရေး အထူးကောင်းမွန်ခဲ့သော မြို့အဖြစ် ထင်ရှားခဲ့သည်။
ယနေ့ခေတ် မြေပုံအရ ရာဇဂြိုလ် မြို့တော်သည် အိန္ဒိယနိုင်ငံ၊ ဗီဟာ Bihar ပြည်နယ်၊ ပတ္တနား Patna မြို့မှ အရှေ့တောင် ဖက် (၉၀) ကီလိုမီတာအကွာ၊ ဗီဟာရှရစ် Biharshrif မြို့၏ အနောက်တောင်ဖက် (၂၁)ကီလိုမီတာ ဝေးသောအရပ်တွင် မြို့ဟောင်းရုပ်ကြွင်းများ တည်ရှိနေဆဲဖြစ်ပါသည်။

ဗိမ္ဗိသာရမင်း၊ အဇာတသတ်မင်း မျိုးဆက်များ

သောတာပန် ဘုရင်ဗိမ္ဗိသာရမင်းကြီးသည် သေနိယမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ဗုဒ္ဓစာပေများတွင် လာရှိပြီး သူ၏ခမည်းတော် ဘဒ္ဒိယမင်းကြီးနှင့် ဘုရားအလောင်း သိဒ္ဓတ္ထ၏ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးတို့သည် အလွန်ခင် မင်ရင်းနှီးသော သူငယ်ချင်းများ မိတ်ဆွေများဖြစ်သည် ဟူ၏၊
ဘုရားရှင်နှင့် ဗိမ္ဗိသာရဘုရင်သည် မမြင်ဖူးကြသော်လည်း ဘုရားမဖြစ်ခင်ကပင် ကြည်ညိုရင်းစွဲ ရှိသည့်အတိုင်း ဘုရားဖြစ်ခဲ့လျင် မိမိနိုင်ငံသို့ ရှေးဦးစွာ ကြွရောက် ချီးမြှောက်ပါရန် ကတိတောင်းခံခဲ့သည်အထိ သံယောဇဉ်ရှိကြ ဟန် တူသည်၊ ဘုရင်ကြီးသည် ဘုရားရှင်ထက် အသက်ငါးနှစ် ငယ်သည် ဟု သိရ၏။

ဗိမ္ဗိသာရမင်းသည် မိဖုရားများစွာ ရှိသည့်အနက် ကောသလတိုင်း ပသေနဒီကောသလမင်းကြီး၏ နှမ ဝေဒေဟီ မိဖုရားမှ အဇာတသတ်ကိုမွေးသည်၊ ထို့နောက် ၀ဇ္ဇီတိုင်း လိစ္ဆ၀ီမင်း၏သမီး ဆေလ္လနမိဖုရား၊ မဒ္ဒတိုင်းသာဂလမင်း၏ သမီး ခေမာ မိဖုရား (နောင်တချိန်ရဟန္တာဖြစ် ) အဘယမာတာမိဖုရား၊ ဥဒုမ္ဗရိကာ မိဖုရားအားဖြင့် မှတ်တမ်းများအရ ငါးယောက် ရှိခဲ့သည်။

အဇာတသတ်မင်းသား၏ ဖအေတူ ညီအကိုများဖြစ်ကြသော အဘယမင်းသား၊ ဥဒယဘဒ္ဒမင်းသား၊ ၀ိမလကောဏ္ဍ ညမင်းသား၊ သီလ၀မင်းသား တို့သည် အသက်ရန်ရှာမည် စိုးသောကြောင့် နောက်ပိုင်း ရဟန်းပြုကာ သာသနာ့ဘောင် ၀င်ရောက်သွားကြသည်။
ရှေးဟောင်းသုတေသနဋ္ဌာနသည် ရာဇဂြိုလ်မြို့နေရာဟောင်းကို ခရစ်နှစ် (1957-1958 )များတွင် တူးဖော်ကြည့်ခဲ့ သေးသည်၊ ဘုရားခေတ်က သပ္ပိနီမြစ်သည် ယခုအခါ ပဉ္စာနမြစ် နာမည်ဖြစ်နေပြီး ဘုရားအလောင်း ဆံတော်ပယ်ဖြတ်ရာ အနော်မာမြစ်ကို အာမီမြစ်ဟု ယနေ့ခေတ်တွင် ခေါ်ဝေါ်နေကြဆဲဖြစ်သည်။

ဝမ်းသာစရာကောင်းသည်ကား ထေရ၀ါဒဗုဒ္ဓဘာသာသည် ဘုရားရှင်လက်ထက်က အဖြစ်အပျက်များနှင့် ယနေ့ခေတ် အနေအထား များ၊ သမိုင်းအထောက်အထားများ၊ အကြွင်းအကျန်များဖြင့် သက်သေပြစရာအားလုံး ရှိနေခြင်းကြောင့် စိတ်ကူးဖြင့် ဖန်တီးကာ လိုက်နာကျင့်သုံးရသော magic ဆန်ဆန် ဘာသာရေးတခု မဟုတ်ဘူး ဆိုတာ ထင်ရှားနေသည်။
တနှစ်တခါ ကြုံခွင့်ရသော ကြယ်တာရာနက္ခတ်များ စုံလင်သော နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်မှာ သာမညဖလ သုတ္တန်ကို ဟောကြားခဲ့ သောကြောင့် သာမညဖလအခါတော်နေ့ ဟု သမုတ်ခဲ့သည်ကို တွေးဆကြည်ညိုကာ တင်ပြလိုက်ရပါသည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.4.Nov. 2011

ကျမ်းညွန်း။ ။ သာမညဖလသုတ်၊
သီလက္ခန္ဓပါဠိတော်၊ ဒီဃနိကာယ်၊
သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ၏ မဇ္ဈိမဒေသမြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ

No comments: