Tuesday, November 8, 2011

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူတို့၏ ပီတိကိုစား အားရှိပါ၏... အပိုင်း (၃) (ဖြစ်ရပ်မှန်ကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

ဟာ…..! ဘယ်လို ဖြစ်သွားပါလိမ့် ကျွန်ုပ်ရဲ့ ပညာ့ဘုံဗိမာန်ကျောင်းလေး မိုးလေပြင်းထန်တဲ့ ဒဏ်ကို မခံနိုင်တော့ဘူး။ ကလေးတွေလည်း အော်တဲ့သူက အော်၊ ငိုတဲ့သူက ငို၊ ထွက်ပြေးနေတဲ့ကလေးက ပြေး ဖြစ်နေပါပေါ့လား။ ကောင်းကင်ပြင်ကြီးမှာလည်း မဲမှောင်လို့။ လျှပ်စီးအလင်းရောင်တန်း တွေကလည်း မိုးတိမ်မဲတွေ ကြားမှာ ခြိမ်းခြောက်သံတွေပေးပြီး တဖျပ်ဖျပ်နဲ့။ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထုက လွှမ်းမိုးနေပြီး မိုးက သဲကြီးမဲကြီး တစ်ရှိန်ထိုး ဆင်းလာပြီကော။
အားလုံးဟာ အလန့်တကြား ဖြစ်နေကြပြီ။ ဟုတ်တယ်။ ကျွန်ုပ်ရဲ့  စာသင်ကျောင်းလေး ပြိုကျသွားပြီ။ တကယ်ကို ပြိုလဲကျသွားပြီ။ ကျွန်ုပ်ကိုယ်တိုင်လည်း ပြိုကျနေတဲ့ ကျောင်းရဲ့ အောက်ကို ရောက်နေပြီ။

          မဖြစ်ဘူး။ ကျွန်ုပ်ရဲ့ ကလေးတွေကို ဆွဲထုတ်မှ ရတော့မယ်။ ကျွန်ုပ်လည်း ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်က လူတွေကို လှမ်းခေါ် အကူအညီတောင်းရင်း ကလေးတွေကို နိုင်သလောက် ကယ်ထုတ်နေရတော့တယ်။ လူတွေလည်း ရောက်လာပြီ။ ကလေးတွေမှာလည်း ဒဏ်ရာတွေနဲ့။ ကျွန်ုပ်မှာလည်း ထိခိုက်ပွန်းပဲ့တဲ့ ဒဏ်ရာတွေကြောင့် သွေးတွေ ထွက်နေတာပဲ။ သွေးတွေက မိုးရေတွေနဲ့ ရောသွားတော့ သွေးထွက်တာ ဘယ်လောက်များလဲ မပြောတတ်တော့ပြီ။

အောင်မလေး….. တော်တော် ရက်စက်လိုက်ပါဘိ မိုးမင်းကြီးရယ်။ အော်သာ ငိုလိုက်ချင်တော့တယ်။ ကျွန်ုပ်ရဲ့ ပညာ့ဘုံဗိမာန်လေးတော့ ပျက်စီးသွားပါပြီ။ ကျောင်းလေး ပျက်စီးသွားတာကို အသာထားလိုက်ပါဦး။ ကလေးတွေ တစ်ခုခုများ ဖြစ်ကုန်ကြ ပြီလား။ ကျွန်ုပ်လည်းပဲ ကိုယ့်ရဲ့ ခန္ဓာကို ထိခိုက်သွားတဲ့ ဒဏ်ရာတွေကို မကြည့်အား။
မိုးနဲ့ လေကလည်း ကျွန်ုပ်ကို မျက်နှာသာ မပေးသေး။ ဆက်ပြီးတော့ မာန်ဖီနေတုန်းပါပဲလား။
မိုးရွာသံ၊ လျှပ်စီးသံတွေ ကြားထဲက ကလေးတွေ လှမ်းအော်ပြောသံကို ကြားလိုက်ရတယ်။
“ဘုန်းဘုန်း… ဖိုးပြူးက ဟိုး ခုံတန်းအောင်မှာ ညှပ်နေတယ်”
ကျွန်ုပ်လည်း ချက်ချင်းပဲ ရွှံ့ရည်တွေ စီးကျနေတဲ့ မြေကြီးပေါ်ကနေ ၀မ်းလျားမှောက်ပြီးတော့ ပြိုကျနေတဲ့ ပင်လယ်ဓနိဖက် ခေါင်မိုးတန်းအောက်က ခုံတန်း အထဲကို ၀င်သွားပြီး ဖိုးပြူးကို ကယ်ထုတ်ဖို့ ၀င်သွားခဲ့တယ်။
ပြိုကျသွားတဲ့ ကျောင်းရဲ့ အပြင်မှာ ချမ်းချမ်းတုန်တုန်နဲ့ ထိုင်နေကြတဲ့ ကလေးတွေဟာ ကျိုးပဲ့နေတဲ့ ကျောင်းခေါင်မိုးအောက်က ကျွန်ုပ် ထွက်လာတာကိုသာ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတော့တယ်။ ကလေးတွေက ပြင်းထန်လှတဲ့ မိုးကို အန်တုပြီး ကျွန်ုပ်ကို စောင့်နေကြရှာတယ်။
မိဘမဲ့ ဖြစ်နေတဲ့ ကလေးတွေရဲ့ အားကိုးစရာ မိဘဆိုတာက ကျွန်ုပ်ပဲ မဟုတ်လား။ ကျွန်ုပ်ကို ကလေးတွေက တွေ့လိုက်တော့ အားလုံး ပြုံးပျော်နိုင်သွားကြပြီ။ သူတို့လေးတွေရဲ့ မျက်နှာလေးတွေ ကို ကြည့်ပြီး ကျွန်ုပ်ရဲ့ ဒဏ်ရာတွေဟာ သက်သာသွား ပါပြီ။
ဪ… မေတ္တာရဲ့ အေးချမ်းမှုဟာ ကျွန်ုပ်ရင်ထဲမှာ အေးမြသွားစေပါလား။
ကလေးတွေ တစ်ယောက်မှ အသက်မသေဘူးကြဘူး လို့ သိလိုက်ရတယ်။ ကျိုးပဲ့တာလည်း မရှိဘူး။ ထိခိုက်ဒဏ်ရာ ရသူပဲ ရှိတယ်တဲ့။ တော်ပါသေးရဲ့။ ဘုရား၊ သိကြားမလို့။ ၀မ်းသာလိုက်သည် ဖြစ်ခြင်း။ အင်း… အခုမှပဲ သက်ပြင်းရှည်ရှည် ချနိုင်တော့တယ်။
မိုးရေထဲမှာ သတိပြုမိတဲ့ အချိန်မှာတော့ ချုပ်ကြောင်းများစွာနဲ့ ဆွေးမြေ့နေတဲ့ ကျွန်ုပ်ရဲ့ အပေါ်ရုံသင်္ကန်း ဧကသီလေးတောင် ဘယ်နားမှာ ညှပ်ကျန်နေခဲ့မှန်း မသိတော့ဘူး။ အနီးနား ရပ်ကွက်က လူတွေလည်း သူတို့ရဲ့ ကလေးတွေကို လာခေါ်သွားကြပြီ။ မိဘမဲ့ မိန်ကလေးတွေကိုလည်း သီလရှင်ကျောင်းက ဆရာကြီး လာခေါ်သွားပြီ။ ကျွန်ုပ်နဲ့ မိဘမဲ့ ယောက်ျားလေးတွေတော့ ကျန်ခဲ့တာပေါ့။ ဒဏ်ရာ ရတဲ့ ကလေးတွေကို ဆေးထည့်ပေးရင်း မိုးတိတ်အောင် စောင့်နေရတယ်။
မညှာမတာ ရက်စက်လှတဲ့ ကိုရွှေမိုးကတော့ ကျွန်ုပ်တို့ကို အားရအောင် နှိပ်စက်ပြီးလို့ မောသွားပြီနဲ့တူ တယ်။ ညနေရောက်တော့ သူမဟုတ်သလိုပဲ ငြိမ်ချက်သား ကောင်းသွားပြီ။
အင်း….. ဒီနေ့ ညတော့ ကျွန်ုပ်နဲ့ ဒီကလေးတွေ ဘယ်လိုများ အိပ်စက်ကြရပါတော့မလဲ။ ယောက်ျားလေး တွေပဲ၊ ဘာဖြစ်လဲ။ ပြိုကျသွားတဲ့ တဲကုပ် အကျိုးအပဲ့ အထဲက အကောင်းလေးတွေကို ရှာပြီး ယာယီအမိုးအကာ တဲကလေး ဆောက်လိုက်ရုံပေါ့။ ဒီနေ့နဲ့ ဒီညတော့ ဒီလိုပဲ အဆင်ပြေအောင် ကလေးတွေနဲ့အတူ ကျွန်ုပ်က စက်တော်ခေါ်ရ တော့ မှာပဲလေ။

အပိုင်း (၄) သို့ ဆက်ရန်…

No comments: